ပရိယာယ်မသုံးဘဲ ပွင့်လင်းရိုးသားဖြူစင်စွာ ဆက်ဆံတာဟာ လူတစ်ယောက်ကို ကိုယ်ကပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုပါ...

Saturday, October 15, 2011

ချစ်တဲ့သူနဲ့သာဆိုရင် …


...မေတ္တာဆိုတာက အလိုအလျှောက် ရင်ထဲစိတ်ထဲက ထွက်ပေါ်လာတဲ့ သဘောမရှိဘူး။ အင်မတန်ကြိုးစားနိုင်ပါမှ… အကြာကြီးမွေးမြူတည်ဆောက်ပြီးမှ ဖြစ်ပေါ်လာတတ်တယ်၊ တဏှာရာဂနဲ့ယှည်တဲ့အချစ်ဆိုတာကတော့ ချစ်ဖွယ်အာရုံကောင်းလေလေ… လှလေလေ…အချစ်စိတ်တွေက အလျင်အမြန် အမြောက်အမြားလျောကျထွက်ပေါ်လာလေလေ သဘောရှိမှာပေါ့နော်……
မိန်းမနဲ့ယောကျာ်း ချစ်ကြကြိုက်ကြတဲ့အထဲမှာ ဘာသာတရားတွေ၊ တခြားယုံကြည်မူတွေ လည်းပါနေတယ်။ မြင်မြင်ချင်းချစ်တဲ့စိတ်တွေ ဖြစ်ပေါ်လာတာ… ယိုဖိတ်လာတာဟာ ဘ၀ဟောင်းက ပျို့ဆုတောင်းကြောင့်…လို့ သီချင်းတွေဆိုကြတယ်။ ဘ၀ဟောင်းတုန်းက ဘုရားမြတ်ထံပါးမှာ နောင်ဘ၀ကျရင် ပေါင်းရပါစေသားလို့ ဆုတောင်းခဲ့လို့အခု…..သူ့ကိုမြင်တဲ့အခါ ချက်ချင်းဘဲ ချစ်တဲ့စိတ်တွေ ဖြစ်လာတယ်ဆိုတဲ့သဘောပေါ့။ ချစ်ကြ ကြိုက်ကြတဲ့အထဲမှာ…ဘုရားလည်း အကောင်းမနေရဘူး။ အဲဒီချစ်သူတွေရဲ့ တိုင်တည်ရာ သစ္စာပြုရာ၊ ကတိခံဝန်ချက်တွေပေးရာမှာ သက်သေအဖြစ် လိုက်နေရသလို ဖြစ်နေတယ်။ ချစ်ကြကြိုက်ကြတဲ့အထဲမှာ ဘ၀သံသရာ ဆိုတာကို ယုံကြည်တာတွေလည်းပါတယ်။ ဘ၀ဆက်တိုင်း မိမိချစ်တဲ့သူနဲ့မခွဲမခွာ ပေါင်းရဖို့ဆုတောင်းတွေလည်း တွေ့နိုင်တယ်။ ဘ၀သံသရာဆိုတာ ဘ၀အမျိုးမျိုးဖြစ်နိုင်တယ်။ ဒါကြောင့် ဘယ်ဘ၀မျိုးဘဲဖြစ်ဖြစ်… ကြက်ပဲဖြစ်ဖြစ် ငှက်ပဲဖြစ်ဖြစ်၊ တစ်ကိုင်းတည်းနားပြီး မခွဲမခွာနေချင်တယ်တဲ့။ ဒီလိုပဲပေါ့နော်…
ချစ်စရာကောင်းတဲ့သူနဲ့တွေ့လို့ ပိုင်ဆိုင်ချင်၊ ပေါင်းဖော်လိုချင်တဲ့အခါမှာ လျှောကျလာတဲ့ ချစ်စိတ်တွေနဲ့အတူ ပြောချင်တာတွေကို အကုန်သွန်မှောက်ပြီး ပြောကောင်းကောင်းနဲ့ ပြောတော့တာပေါ့နော်။ အပြောခံရတဲ့သူကလည်း ဒီလိုအပြောခံရတာကို နှစ်သက်တာပါဘဲ။ မိမိချစ်တဲ့သူနဲ့အတူ ပေါင်းဖော်ရတဲ့အခါမှာလည်း တိုင်းထက်အလွန်ပျော်ရွှင်ခြင်း၊ ကျေနပ်ခြင်းဆိုတဲ့ ခံစားမှုဝေဒနာတွေဖြစ်တယ်။ လူသတ္တ၀ါတွေဟာ ဒီလိုစိတ်လှုပ်ရှားခံစားရတဲ့ အချစ်ဝေဒနာတွေနဲ့ဘဲ နေချင်ကြတာ…နေကြရဖို့ကို ဆုတောင်းနေကြတာ…
ကမ္ဘာကုန်ကျယ်သရွေ့…သံသရာရှည်သရွေ့ ချစ်တဲ့သူနဲ့သာဆိုရင် မမောမပန်း လျှောက်လှမ်းချင်ကြတဲ့သူတွေဟာ မေတ္တာနဲ့ နေချင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်ဆိုတော့ မေတ္တာက တစ်ရှိုက်မက်မက်လှုပ်ရှားခံစားမှုတွေမပါတဲ့ စိတ်အခြေအနေ တစ်ရပ်ကိုဆိုလိုတာ… မေတ္တာဆိုတာဟာ ဥပေက္ခာသဘောကိုဆိုလိုဟန် ရှိပါတယ်။ မေတ္တာဆိုတာ ကောင်းခြင်း၊ မကောင်းခြင်း၊ တင့်တယ်ခြင်း၊ မတင့်တယ်ခြင်းဆိုတဲ့ အစွန်းတရားတွေရဲ့ အလယ်မှာရှိတဲ့သဘော ဆိုလိုဟန်ရှိတယ်လို့လည်း ယူဆကြတယ်။
သာမန်ုပုထုဇဉ် လူအများအနေနဲ့ကတော့ တစ်ရှိုက်မက်မက် ခံစားရမှုမရှိတဲ့ ဒီလို မေတ္တာသဘောကို နှစ်လိုဟန်မရှိပါဘူး။ ရင်ခုန်စရာတွေလွှမ်းနေတဲ့ ချစ်ခြင်းသဘောကိုပဲ နှစ်သက်မှာသေချာပါတယ်။
ဘ၀သံသရာဆိုတာကိုယုံတဲ့သူတစ်ဦးက ပြောဖူးတယ် ယောကျာ်းဆိုတာ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ ယောကျာ်းဆိုတာ မိန်းမကဖြစ်လာပြီး မိန်းမဆီမှာဘဲ သူ့ဘ၀ဆုံးသူပါဘဲတဲ့
မိန်းမက ဖြစ်လာတယ်ဆိုတဲ့စကားက အမေဆိုတဲ့မိန်းမကြောင့် လူ့ဘ၀ကို ရောက်လာတယ်။ လူဖြစ်လာတယ်လို့ဆိုလိုတာ။ အဲဒီလူ အရွယ်ရောက်တော့ အိမ်ထောင်ကျပြီး မယားဆိုတဲ့ မိန်းမနဲ့နေတယ်။ အဲဒီမယားဆိုတဲ့ မိန်းမဆီမှာဘဲ အိမ်ထောင်ကိစ္စတွေနဲ့ သံယောဇဉ်တွေနဲ့ သူ့ဘ၀ပြီးဆုံးတာပဲ။ ဒါကို မိန်းမဆီမှာဘဲ ဘ၀တစ်ခု ပြီးဆုံးတယ်လို့ ဆိုလိုတာ…တဲ့။ နောင်ဘ၀ကျတော့လည်း ဒီလိုပဲတဲ့၊ မိန်းမမှာပဲစ မိန်းမမှာပဲဆုံး၊ အဲဒါ ယောကျာ်းတစ်ဦးရဲ့ သံသရာပဲတဲ့။

အဲဒီလူကဆက်ပြီး မယားအမျိုးအစားတွေ ခွဲခြားပြတယ်။ မိတ်ဆွေနဲ့တူတဲ့မယား၊ ကျွန်နဲ့တူတဲ့မယား၊ မိခင်နဲ့တူတဲ့မယား…စသည်ဖြင့်ပေါ့နော်။ မယားအမျိုးအစားတွေခွဲခြား ပြပြီးတော့ ဘာပြောသလဲဆိုတော့ အမေဆီကနေပြီး အမေနဲ့တူတဲ့ အမေလေးဆီကိုပြောင်းရွေ့ပြီး ဘ၀သံသရာမှာ ကျင်လည်နေရမယ်ဆိုရင်တော့ သံသရာဘယ်နှစ်ပတ်ပဲလည်လည်…ပျော်ပျော်ရွှင်ရွှင်ပဲလိုက်ပါပြီး လည်ချင်ပါတယ်တဲ့။ သူ့မျှော်လင့်ချက်က အမေနဲ့တူတဲ့ မယားမျိုးနဲ့နေရရင်…အဲဒီမိန်းမက သူ့ကို ကြင်ကြင်နာနာ၊ ယုယုယယနဲ့ ချစ်မယ်၊ ဘာတွေပဲသူလုပ်လုပ် ခွင့်လွှတ်မယ်၊ သည်းခံမယ်၊ သူ့အတွက်ဆို စွန့်လွှတ်စွန့်စားမှုတွေနဲ့ ချစ်နေမယ်လို့ သူကထင်နေတာကိုး။ အဲလိုအမေလေးမျိုး မိန်းမမျိုးနဲ့ သံသရာလည်ရမယ်ဆိုရင်တော့ ဘယ်လောက်လည်ရလည်ရ လည်ချင်ပါတယ်လို့ သူကပြောနေတာပါ။
အချစ်အကြောင်းကိုတော့ ပြောကောင်းကောင်းနဲ့ ဒီလိုဘဲ ပြောနေကြဦးမှာ၊ သူငယ်ချင်းတို့လည်း ကမ္ဘာကုန်ကျယ်သရွေ့…သံသရာရှည်သရွေ့ ချစ်တဲ့သူနဲ့သာဆိုရင် မမောမပန်း လျှောက်လှမ်းချင်ကြတဲ့သူတွေချည်းဘဲ ဖြစ်မှာပါနော်။ အချစ်အကြောင်းကိုလည်း ချစ်သူမျက်နှာလေးကို တနေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်လို့ ပြောကောင်းကောင်းနဲ့ ပြောနေဦးမယ်ဆိုတာ သေချာပါတယ်နော်…
သူငယ်ချင်းတို့ရေ ကိုယ်ဖတ်နေတဲ ဆရာနန္ဒာသိန်းဇံ ရဲ့ ပြောရင်းပြောနေမည့်ချစ်ခြင်းမေတ္တာ စာအုပ်လေးထဲက ပြောကောင်းတဲ့အရာ ဆိုတဲ့ အကြောင်းလေးကို ဝေမျှပေးလိုက်တာပါနော်…ပျော်ရွှင်ကြပါစေနော်….

No comments:

Post a Comment

လာလည်သောသူငယ်ချင်းအားလုံးရွှင်လန်းချမ်းမြေ့ပါစေနော်...