ပရိယာယ်မသုံးဘဲ ပွင့်လင်းရိုးသားဖြူစင်စွာ ဆက်ဆံတာဟာ လူတစ်ယောက်ကို ကိုယ်ကပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုပါ...

Wednesday, October 12, 2011

မိမိသူတစ်ပါးအကျိုးများဖို့



မိမိသူတစ်ပါးအကျိုးများဖို့...


 ဂေါတမမြတ်စွာဘုရားဟာ သားတော်ရာဟုလာနဲ့ဒေ၀ဒတ်ကို အညီအမျှ မေတ္တာထားနိုင်တော်မူတယ်တဲ့ဗျာ။ ကြည်ညိုလို့ကို မဆုံးနိုင်ပါဘူး။ ဒေ၀ဒတ်ဟာ ဂေါတမဗုဒ္ဓကို အခွင့်သာတိုင်း သတ်ဖို့ကြိုးစားခဲ့တဲ့သူ မဟုတ်လား။ ကိုယ့်ကိုသတ်တဲ့သူကိုတောင် သားတော်နဲ့တစ်တန်းစားတည်း အညီအမျှ မေတ္တာထားနိုင်တယ်ဆိုတော့ ကျွန်တော်တို့ သာမန်လူတွေအတွက် သိပ်အံသြစရာကောင်းပြန်တယ်။
လှပတင့်တယ်သူနဲ့ အကျည်းတန်အရုပ်ဆိုးသူကို အညီအမျှထားပြီးချစ်ခင်ဖို့ခက်တယ်။ ဂုဏ်ရှိသူနဲ့ဂုဏ်မဲ့သူ၊ ချမ်းသာသူနဲ့ဆင်းရဲသူကို အညီအမျှထားပြီးချစ်ခင်ဖို့လည်းခက်တယ်။ ကိုယ့်ဘက်သားနဲ့သူ့ဘက်သားကို အညီအမျှချစ်ခင်ဖို့လည်းခက်တယ်။ တကယ့်မေတ္တာစိတ်ကတော့ အညီအမျှချစ်ခင်တယ်။
ကိုယ့်ကိုချစ်တဲ့သူနဲ့ကိုယ့်ကိုမုန်းတဲ့သူကို အညီအမျှထားပြီး ချစ်ဖို့ကပိုခက်မယ်။ ချစ်သူနဲ့ရန်သူကို အညီအမျှထားပြီး ချစ်ခင်ဖို့ပိုခက်မယ်။ တကယ့်မေတ္တာကတော့ ချစ်သူနဲ့ရန်သူကို အညီအမျှထားပြီးချစ်ခင်နိုင်တယ်တဲ့။
ဒါကြောင့်မေတ္တာဆိုသည်မှာ…ပုဂ္ဂိုသတ္တ၀ါတွေအပေါ် အကျိုးလိုလားတဲ့စိတ်ကို အညီအမျှထားနိုင်ခြင်းဖြစ်တယ်လို့ ဖွင့်ဆိုချက် ပြုကြတာဖြစ်ပါလိမ့်မယ်။ ဆော့ခရတ္တိဖွင့်ဆိုတဲ့မေတ္တာမှာတော့ အကျိုးလိုလားတာ၊ ချစ်တာခင်တာဆိုတာတွေကို ထည့်မတွက်တော့ဘဲနဲ့ စိတ်ကိုသတ္တ၀ါတွေအပေါ် ညီညွတ်စွာထားနိုင်ခြင်းဖြစ်တယ်လို့ ဖွင့်ဆိုချင်ဟန်တူပါတယ်။
လှပသူနဲ့အရုပ်ဆိုးသူ၊ ချစ်သူနဲ့ရန်သူ….သူတို့၊သူတို့အပေါ်မှာ အညီအမျှမေတ္တာ ထားဖို့ဆိုတာ ခက်မှခက်၊ ခက်ပြီးရင်ခက်ပါတယ်။ ဒါကြောင့်မေတ္တာထားနိုင်ဖို့အရေးကို… အင်မတန်ကြိုးစားရတယ်။ ဗုဒ္ဓစာပေတွေမှာ မေတ္တာထားနိုင်သူဟာ တကယ့်ကို စွမ်းနိုင်သူ ဖြစ်ရမယ်တဲ့၊ အဲဒီလူမှာ ယုံကြည်ချက်လည်းရှိရမယ်၊ ကျန်းမာသူလည်းဖြစ်ရမယ်၊ မပျင်းရိသူ၊လုံလရှိသူလည်းဖြစ်ရမယ်၊ဥာဏ်ပညာရှိသူလည်းဖြစ်ရမယ်။စိတ်ထားဖြောင့်မတ်သူလည်းဖြစ်ရမယ်တဲ့ မလွယ်လှဘူး။
စိတ်ထားဖြောင့်မတ်ရမယ်ဆိုတာနဲ့ပတ်သတ်ပြီး ဗုဒ္ဓစာပေတွေမှာ ပြောပုံက…. စိတ်ထားဖြောင့်မတ်သည်လည်းဖြစ်ရာ၏တဲ့။အလွန်စိတ်ထားဖြောင့်မတ်သည်လည်း ဖြစ်ရာ၏တဲ့။ဖြောင့်ရုံတင်မကဘူး။ အလွန့်အလွန်ကို ဖြောင့်ရမယ်တဲ့။ ဆိုလိုတာက ကိုယ်အားဖြင့်၊ နှုတ်အားဖြင့် ကောက်ကျစ်ယုတ်မာမှုကင်းရင်….ဒါကိုဖြောင့်မတ်တယ်လို့ ဆိုလိုတယ်။ စိတ်အားဖြင့် ကောက်ကျစ်ယုတ်မာမှုကင်းရင်….ဒါကိုအလွန့်အလွန်ကို ဖြောင့်မတ်တယ်လို့ဆိုလိုတယ်။ ဟုတ်တယ်။ အထိန်းရအသိမ်းရခက်တဲ့စိတ်ကို မကောက်ကျစ်မယုတ်မာအောင်။ မဟုတ်တာတွေမတွေးမိအောင် ထားနိုင်ထိန်းနိုင်မှ တကယ့်ကို ဖြောင့်မတ်သူဖြစ်မှာ။
ပြီးတော့နူးညံ့ပျော့ပျောင်းသူဖြစ်ရမယ်တဲ့။ဒါမှလဲ မေတ္တာရှင် ဖြစ်နိုင်မှာပေါ့။ ပြီးတော့မာန်မထောင်လွှားသူလည်းဖြစ်ရမယ်။ ရောင့်ရဲလွယ်သူလည်းဖြစ်ရမယ်။ မွေးမြူပြုစုလွယ်သူလည်းဖြစ်ရမယ်။ ဟိုဟာမကျေနပ်နိုင်၊ သည်ဟာမကျေနပ်နိုင်လည်း မဖြစ်ရဘူးပေါ့။ ကိစ္စလည်းနဲရမယ်တဲ့။ အလုပ်တွေထဲမှာ အရှုပ်တွေထဲမှာ ထပ်ရှုပ်နေတာမျိုးတွေ ဖြစ်မနေရဘူးပေါ့။ပြီးတော့….နေထိုင်သွားလာမှုပေါ့ပါးရမယ်။ အိနြေ္ဒလည်းငြိမ်သက်ရမယ် စသည်ဖြင့် ဖော်ပြထားတာတွေရှိတယ်။ ဒီအချက်တွေကို မေတ္တာမထားမီ၊ ဒါမှမဟုတ် မေတ္တာထားနိုင်ရေးအတွက် ကျင့်ဆောင်အားထုတ် ဖြည့်ဆည်းရမယ်တဲ့။ မေတ္တာထားနိုင်ရေးအတွက် အကြိုလေ့ကျင့်ရတာတွေမှာ အခက်အခဲတွေအများကြီးဆိုတော့….
တကယ့်မေတ္တာထားနိုင်ဖို့ မလွယ်ဘူးဆိုတာ သိသာပါတယ်။ လှပတင့်တယ် တပ်မက်ဖွယ်ကောင်းသူကို ချစ်တဲ့အချစ်ကတော့ လွယ်လွယ်ပဲ စိတ်ထဲက လျှောကျလာတတ်တယ်။ လွယ်လွယ်ပဲဖြစ်လာတယ်။ မေတ္တာဆိုတာကတော့ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ကြိုးစားဖန်တီးယူမှဖြစ်နိုင်တယ်။ ခေတ်ကာလတွေကို ကျော်ဖြတ်ပြီး တည်နေနိုင်တဲ့အနုပညာကို ဖန်တီးယူဖို့ခဲယဉ်းသလိုပဲ။ သန့်စင်တဲ့ မေတ္တာ ဆိုတာ ဖြစ်လာဖို့ကလည်း ဖန်တီးယူဖို့ ခက်ပါတယ်။
ဒါပေမယ့် ….အညီအမျှထားနိုင်တဲ့အဖြစ်ကို ရဖို့ရောက်ဖို့ ကြိုးစားနေတယ်ဆိုရင်ပဲ မိမိရော သူတစ်ပါးပါ အကျိုးများစေမှာကတော့သေချာပါတယ်။
သူငယ်ချင်းတို့ရေ ဆရာနန္ဒာသိန်းဇံရေးတဲ့ မိမိသူတစ်ပါးအကျိုးများဖို့ ဆိုတဲ့စာလေးကို ဝေမျှပေးလိုက်ပါတယ်နော်… ပျော်ရွှင်ပါစေသူငယ်ချင်းတို့ရေ…

No comments:

Post a Comment

လာလည်သောသူငယ်ချင်းအားလုံးရွှင်လန်းချမ်းမြေ့ပါစေနော်...